အလွှာပါးမခံရင် ကမ္ဘာမခြားပေမဲ့ အသက်ခြားသွားနိုင်တယ်နော်
လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးဖို့ လိုအပ်ကြောင်း၊ ကွန်ဒုံးဟာ အရေးကြီးတဲ့အကြောင်း ပြောပြီဆိုရင် လူတော်တော်များများ အထူးသဖြင့် ယောက်ျားလေးတွေ လက်မခံတတ်ကြပါဘူး။ အကြောင်းရင်းကတော့ ကွန်ဒုံးခံပြီး ဆက်ဆံရင် ကြားထဲမှာ အလွှာပါးတစ်ထပ်ခံနေလို့ ဖီးလ်ငုတ်ပါတယ်လို့ ထင်နေကြတဲ့အချက်ကြောင့်ပါပဲ။
လုံးဝမမှန်တာလားဆိုတော့ မဟုတ်ပါဘူး။ ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံတဲ့အခါ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ပိုကြာသွားသလို အမျိုးသားတွေအနေနဲ့ အသားချင်းတိုက်ရိုက်ထိတွေ့မှု မရှိတော့တာကြောင့် လိင်ပိုင်းဆိုင်ရာအရ ခံစားနိုင်မှု အားလျော့သွားနိုင်ပါတယ်။ ဒီတော့ အလွှာပါးခံရင် ကမ္ဘာခြားသလို ခံစားရလိမ့်မယ်ဆိုတဲ့ ဘန်းစကားထွက်ပေါ်လာတော့တာပေါ့။
ကွန်ဒုံး အသုံးမပြုခြင်းရဲ့ အကြီးမားဆုံး နောက်ဆက်တွဲဆိုးကျိုးကတော့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ အလွယ်တကူ ရလာနိုင်ပါတယ်။ ဒီရောဂါတွေဟာ ယာယီအားဖြင့်လည်း ကိုယ့်ကိုဒုက္ခပေးနိုင်သလို တစ်သက်လုံး ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းပြီး တခြားသူတွေကို ကူးစက်နိုင်တာမျိုးရှိပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (STD) ထဲမှာ
- HIV ပိုး ကူးစက်ခံရခြင်း
- HIV ပိုးမှ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) အဆင့်ကို ရောက်လာခြင်း
- ဆီးပူညောင်းကျရောဂါ သို့မဟုတ် ဂနိုရောဂါ
- ကာလသားရောဂါ သို့မဟုတ် ဆစ်ဖလစ်
- လိင်အင်္ဂါကြွက်နို့ HPV ဗိုင်းရပ်စ် ကူးစက်ခံရခြင်း
- လိင်အင်္ဂါရေယုန် HSV ဗိုင်းရပ်စ် ကူးစက်ခံရခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- ခလက်မီးဒီးယားရောဂါ စတာတွေ ပါဝင်ပါတယ်။
ဒီရောဂါတွေကို ကွန်ဒုံး သို့မဟုတ် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းမှ အများဆုံးကူးစက်ပြီး သွေးမှတစ်ဆင့်လည်း ကူးစက်နိုင်သလို မိခင်ကနေလည်း မွေးလာတဲ့ ကလေးကို ကူးစက်သွားနိုင်ပါတယ်။
HIV ပိုးကို လက်ရှိအချိန်မှာ ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးများမရှိသေးတဲ့အတွက် AIDS အဆင့်သို့ မရောက်သွားဖို့ဆိုတာ တစ်သက်လုံး ART လို့ခေါ်တဲ့ ပိုးထိန်းဆေးဝါးသောက်မှပဲ ရမှာပါ။ လိင်အင်္ဂါကြွက်နို့ HPV ဗိုင်းရပ်စ်ဟာဆိုရင်လည်း ကိုယ်ထဲမှာရှိနေမှာဖြစ်ပြီး မိခင်မှ ကလေးကို ကူးစက်နိုင်သလို အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ လိင်အင်္ဂါ
ရေယုန် ကတော့ လိင်အင်္ဂါမှာတင်မကဘဲ ပါးစပ်၊ နှုတ်ခမ်းတစ်ဝိုက်မှာ ဖြစ်နိုင်သလို အနာပေါက်နေတဲ့အချိန် သာမန် တံတွေးကနေတစ်ဆင့် တခြားသူကိုပါ ကူးစက်သွားစေနိုင်ပါတယ်။
ဒါကို ကြည့်မယ်ဆိုရင် ကွန်ဒုံးဆိုတဲ့ အလွှာပါးလေးဟာ ကိုယ့်ရဲ့အသက်အနာဂတ်ကို ဘယ်လောက်ထိတောင် ကာကွယ်ပေးနိုင်လဲဆိုတာ သိလောက်မယ်လို့ ထင်ပါတယ်။ ကွန်ဒုံးကို စနစ်တကျအသုံးပြုခြင်းဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါအားလုံးကိုသာမက မလိုလားအပ်တဲ့ ကိုယ်ဝန်ကိုပါ တားဆီးပေးနိုင်တယ်။ အသုံးပြုရတာ၊ ဝယ်ယူရတာ၊ သိမ်းဆည်းရတာ လွယ်ကူရိုးရှင်းတာကြောင့် မလိုအပ်တဲ့ဆေးတွေကို အများကြီးသောက်ပြီး ကိုယ့်ဘဝအနာဂတ်ကို ပူပူလောင်လောင်နဲ့ လျှောက်လှမ်းမလား၊ ကွန်ဒုံးဆိုတဲ့ အလွှာပါးလေးခံပြီး လိင်မှုဘဝရဲ့ အရသာကို ပြည့်ဝစွာခံယူမလားဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။
အကယ်လို့ ကွန်ဒုံးကို အသုံးပြုတော့မယ်ဆိုရင်
၁။ ကွန်ဒုံးကို ဆေးဆိုင်၊ စတိုးဆိုင်နဲ့ နီးစပ်ရာဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
၂။ ကွန်ဒုံးကို မဝယ်ခင်နဲ့ အသုံးမပြုခင် အသုံးပြုရန်ရက်လွန်နေခြင်း ရှိမရှိ စစ်ဆေးပါ။
၃။ ကွန်ဒုံးအထုပ်ပေါက်ပြဲနေခြင်း၊ အထဲကချောဆီများ စိမ့်ထွက်နေခြင်းရှိမရှိ စစ်ဆေးပါ။
၄။ ကွန်ဒုံးကို လိင်ဆက်ဆံတဲ့အချိန်တိုင်း အသုံးပြုရမှာဖြစ်ပြီး တစ်ခါသုံးပြီးတိုင်း နောက်တစ်ကြိမ်ဆက်ဆံမယ်ဆိုရင် အသစ်တစ်ခုကို အသုံးပြုရမှာပါ။
၆။ အလွှာပါးခံလို့ ဖီးလ်လျော့သွားတယ်လို့ ထင်ရင် ပါးလွှာတဲ့ကွန်ဒုံးအမျိုးအစားတွေကို ရွေးဝယ်နိုင်ပါတယ်။
၇။ အဝင်အထွက်ကောင်းစေဖို့နဲ့ ချောမွေ့နေစေဖို့ ချောဆီကိုပါ တွဲဖက်သုံးပေးပါ။
လိင်မှုကိစ္စကို ပုံမှန်ပြုလုပ်နေသူတိုင်း
၁။ ၃ လ တစ်ကြိမ် သွေးပုံမှန်စစ်ဆေးပါ။
၂။ ဘယ်သူနဲ့ပဲ ဆက်ဆံပါစေ အကာအကွယ်ကို ဂရုစိုက်၍သုံးပါ။
၃။ တတ်နိုင်သလောက် ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်နဲ့သာ လိင်ဆက်ဆံပါ။
၄။ အကယ်လို့
လိင်ဆက်ဆံဖော်ထားမယ်ဆိုရင်လည်း စိတ်ချယုံကြည်ပြီး သွေးစစ်မှတ်တမ်း၊ ကျန်းမာရေးအဖြေမှတ်တမ်း ပြနိုင်သူကိုသာ ထားပါ။
ရေးသားသူ - ရဲမျိုးမြတ်